Return to site

7Day ၏ ခေါင်းဆောင်

ရေးသားသူ - မောင်ကိုကို (အမရပူရ)
The Real Lives Real Stories Magazine

7Day ၏ ခေါင်းဆောင်

ကျွန်တော့်ဘဝ အကြောင်း တစ်စေ့တစ်စောင်း သိလိုသူများ ဖတ်နိုင်ရန် ပြန်လည် ဝေမျှပါသည်။ အင်တာဗျူးသူ ဆရာ မောင်ကိုကို (အမရပူရ) နှင့် တကွ ဖော်ပြပေးသည့် The Real Lives Real Stories Magazine အား အထူး ကျေးဇူး တင်ရှိပါသည်။

7Day ၏ ခေါင်းဆောင်
ရေးသားသူ - မောင်ကိုကို (အမရပူရ)
The Real Lives Real Stories Magazine
Volume 24, January 2015

ဦးသောင်းစုငြိမ်း၏ ငယ်နာမည် (အိမ်နာမည်) မှာ "ခရု" ဖြစ်သည်။

ခရုကို ၁၉၇၇၊ ဇန်နဝါရီလ ၇ တွင်ရန်ကုန်မှာမွေးဖွားသည်။ မိဘနှစ်ပါးသည် ဝန်ထမ်းများဖြစ်ကြ၏။ ဦးဝိစာရလမ်းရှိ နဝရတ်ရိပ်သာမှာ နေထိုင်ကြ၏။

ခရုသည်မူကြိုကို ဒေါ်ယဉ်ဝိုင်းထံတက်ခဲ့ပြီး သူငယ်တန်းမှ ခြောက်တန်းထိ ဒဂုံ (၂) တွင်တက်ခဲ့သည်။ ၁၉၈၈ မှာ သူ့ဖခင် စင်္ကာပူသံရုံး၏ ယာယီတာဝန်ခံဖြစ်လာသည်။ မိသားစုလိုက် စင်္ကာပူသို့ထွက်ခွာကြသည်မှာ ၁၉၈၈ နိုဝင်ဘာလထဲတွင်ဖြစ်၏။

သူစင်္ကာပူသို့ရောက်ပြီ။
အင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်။
တရုတ်လိုလုံးဝမပြောတတ်။
ဆယ့်နှစ်နှစ်သားခရုသည် စင်္ကာပူသို့ရောက်ပြီ။
ခရုသည်ရှက်တတ်သူဖြစ်၏။
စကားအပြောအဆို မြန်မြန်သွက်သွက်လည်းမဟုတ်။ ခရုသည်စင်္ကာပူသို့ရောက်ပြီး ပထမခြောက်လမှာ အတန်းထဲတွင် စကားမပြော။ အသံထွက်လိုက်လျှင် မှားသွားမည်ကိုသူ့စိတ်ကစိုးရိမ်နေ၏။
အသံထွက်လျှင် အခြားတိုင်းပြည်တွင် ရှက်ဖွယ်ဖြစ်မည်ဟု သူထင်နေ၏။ ထို့ကြောင့် မပြော။ ခရုသည်ဘာမှ မပြော။

ဆရာမက သူ့အခြေအနေကိုသိသည်။
စာအုပ်စင်ကို လက်ညှိုးထိုးပြလိုက်၏။
ပထမခြောက်လအကုန် ကျောင်းပိတ်ခါနီးဖြစ်၏။
ဟုတ်ပြီ။ ခရုသည်စာအုပ်စင်သို့သွား၏။ ကလေးများဖတ်သောစာအုပ်များရှိသည်။ ကလေးဖတ် စုံထောက်ဝတ္တု။
သူဆွဲယူလိုက်၏။
ဖတ်ကြည့်သည်။
စာအုပ်။ စုံထောက်ဝတ္တု။
ခရုကြိုက်သွားပြီ။

စာအုပ်ဆိုသည်မှာ ကြိုက်အပ်သောအရာဟု သူနားလည်ထား၏။

စကားပြေရှင်းရှင်း၊ ဝါကျတိုတိုနှင့်ရေးသားထားသော အင်္ဂလိပ်စုံထောက်ဝတ္တုများကို ခရုကြိုက်သွားပီ။ ဆရာချစ်ဦးညို၏ မြန်မာဝတ္တုစာအုပ်နှင့် မြန်မာဘာသာပြန် ချာလီချက်ပလင်စာအုပ်ထူကြီးကို မြန်မာပြည်မှာနေစဉ်က လေးတန်းကျောင်းသားအရွယ်တွင် သူဖတ်ကြည့်ခဲ့ဖူးသည်။
စာအုပ်ဆိုသည်မှာ ကြိုက်အပ်သောအရာဟု သူနားလည်ထား၏။

ရန်ကုန်မှာဆို သူ့အဖေက သူ့ကိုပန်းဆိုးတန်းလမ်းရှိ စာအုပ်အဟောင်းဆိုင်သို့ ခေါ်ခေါ်သွားတတ်၏ ။ အဖေကအင်္ဂလိပ်စာရသည်။ သားကိုအင်္ဂလိပ်စာနှင့် ရင်းနှီးစေချင်၏။ သူ့အတွက် အင်္ဂလိပ်ကာတွန်း စာအုပ်များကိုလည်း အဖေက ဝယ်ဝယ်ပေးတတ်၏။

၁၉၈၉ တစ်နှစ်လုံးမှာ ခရုသည်စင်္ကာပူတွင် ကျောင်းစာ၊ အင်္ဂလိပ်စုံထောက်ဝတ္တုများနှင့် ပွေ့ဖက်နေရ၏။

၁၉၉၀ တွင်ခရု၏ဖခင် ဦးဝင်းအောင်သည် ဂျာမဏီ၌ သံအမတ်ကြီးရာထူးတာဝန်ထမ်းဆောင်ရန် အကြောင်းဖြစ်ပေါ်လာ၏။ သူတို့မိသားစုသည် စင်္ကာပူမှ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာကြ၏။
မင်းမနိုင် ဦးဝိစာရအိမ်ရာတွင် ရက်သတ္တနှစ်ပတ်နေထိုင်သည်။ ပို၍ဝေးကွာသောနိုင်ငံဆီသို့ သွားကြရတော့မည်။ ရွေတိဂုံကိုဖူးသည်။ မရောက်ဖူးသေးသော ဖခင်၏ဇာတိ ထားဝယ်နှင့် မောင်းမကန်သို့လည်သည်။ ပစ္စည်းထုပ်ပိုးသည်။ ခရုရင်ခုန်နေ၏။

၁၉၉၀ ဧပြီတွင် ဥရောပသို့ ထွက်ခွာဖြစ်၏။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တစ်ညဝင်နားသည်။ ဂျာမနီသို့ ဆက်လက်ထွက်ခွာ၏။ ခရု၏ ဖခင်သည် အစိုးရရုံးစိုက်ရာ ဘွန်းမြို့မှာ နေထိုင်ရ၏။ မြို့သေးသေးလေး ဖြစ်သည်။ သူ့အတွက် ထူးဆန်းသော နှင်းရနံ့ကို ရှူ ရှိုက်လိုက်မိ၏။
ခရုသည်သာမန် အထက်တန်းကျောင်းတွင် ပညာသင်ကြားရ၏။

စာသင်ခန်းထဲက ကျောင်းသားများမှာ နိုင်ငံပေါင်းစုံကဖြစ်ရာ အင်္ဂလိပ်လို လုံးဝမပြောတတ်သူက အုပ်စုတစ်စု၊ င်္အလိပ်လိုနည်းနည်းပြောတတ်သူက အုပ်စုတစ်စုဖြစ်သွား၏။

ခရုက အင်္ဂလိပ်လို နည်းနည်းပြောတတ်သူထဲမှာ ပါဝင်၏။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်က ကျောင်းသားများလည်း အင်္ဂလိပ်လိုနည်းနည်းပြောတတ်သည်။ သူသည် ဂျာမန်ဘာသာ၌ တိုးတက်မှု မရှိခဲ့ပါ။ သူ့အဖေသည်သူ့ကို သံတမန်ကျောင်းသားများ နေရသောကျောင်းသို့ ပြောင်းပေးလိုက်၏။
ခရုသည် ဂျာမနီမှာ ဘတ်စကတ်ဘောကို လှိမ့်ကစားနေခဲ့၏။ ဘတ်စကတ်ဘော မကစားလျှင် ကွန်ပျူတာဂိမ်းဆော့သည်။

ကျောင်းမှာ စာလည်းသင်ရသည်။ လက်တွေ့လည်းလုပ်ရသည်။ ဆွေးနွေးမှုများ၊ အချေအတင် ပြောမှုများလည်း ပြုလုပ်ရ၏။

မြန်မာနိုင်ငံသား လူငယ်တစ်ယောက်အနေနှင့် ဂျာမဏီတွင်နေထိုင်ရာမှာ ဘေးအန္တရာယ်အချို့ကိုတော့ သူရှောင်ရှားရ၏။ ဂျာမဏီမှာ နာဇီလက်သစ်ကတုံးများရှိသည်။ သာရေဂျာကင်ဝတ်ထားကြသည်။ စစ်ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသည်။ ဖိနပ်အမြင့်ကြီးများကို စီးကြ၏။ စစ်ဘောင်းဘီ၏ ခြေထောက်ပိုင်းကို ဘွတ်ဖိနပ်ထဲမှာ ထိုးသွင်းထားကြ၏။

ထိုဂျာမန်လူမျိုး နာဇီလက်သစ်ကတုံးများသည် လူမျိုးခြားမှန်သမျှကို မုန်းတီးသည်။ ရန်ရှာသည်။ ဂျာမန်တို့သာ ကြီးမြတ်သည်ဟု အယူမှားကြ၏။

နောက်တစ်မျိုးကတော့ တံတားခုံးအောက်များတွင် စကိတ်စီးသူများဖြစ်သည်။ ဆံပင်နီဆိုးထားသည်။ သံကြိုးတွဲလောင်းနှင့် ဖြစ်သည်။ သူတို့က ပျော်ပျော်ပါးပါးနေထိုင်တတ်ကြ၏။

ဂျာမဏီမှာ ခိုလှုံရာက အနေကြာလာသော တူရကီလူမျိုးများသည် အသားညိုသည်။ ဂျာမန်စကားကောင်းကောင်းပြောတတ်သည်။ သူတို့မှာလည်းအုပ်စုရှိသည်။ သူတို့ကလည်း ကဲသည်။
ဖန်ဖဲယားပွဲတစ်ခုသို့ ခရုရောက်သွားသည်။


မီးလုံးရောင်စုံများ၊ ချားရဟတ်ကြီးများ၊ လူများ၊ သီချင်းသံများ၊ ဘီယာများ၊ အိုက်စကရင်ရောင်းသူများ ဆူညံနေသည်။ အော်ဟစ်နေသည်။ ပျော်ရွှင်နေသည်။

ဘီယာခွက်ကြီးများသည် လေထဲမှာ ပျံဝဲနေသည်။

ရွှီရွှီဟူသော အသံများကို ခရုကြားလိုက်ရ၏။
ဘီယာခွက်ကြီးများသည် လေထဲမှာ ပျံဝဲနေသည်။
ခရုအတွက်ထူးဆန်းနေ၏။
ခရုကလေ့လာကြည့်သည်။
ခေါင်းတုံးများနှင့် တူရကီများသည် ပွဲတော်ထဲမှာ ရန်ပွဲဆင်နွှဲနေကြခြင်းဖြစ်၏။


ဘီယာခွက်ကြီးများကို လေထဲသို့မြှောက်ပြီး တစ်ဖက်နှင့် တစ်ဖက်ပစ်ပေါက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ နိုင်ငံခြားမှာ ပြသနာဖြစ်လျှင် ပြေးသာပြေးဟုသူနားလည်ထား၏။
မြန်မာလူငယ်လေး ခရုသည် ရန်ပွဲနှင့်ဝေးရာသို့ ထွက်ပြေးခဲ့ရ၏။

၁၉၉၂ မှာခရုသည် လန်ဒန်သို့ကျောင်းသွားတက်ရ၏။ သူ့အကိုနှင့်အတူ လန်ဒန်သို့သွားသည်။ အစ်ကိုကတော့ ကျောင်းတက်ရန်မဟုတ်ပါ။ ခရုတက်သော လန်ဒန်ကကျောင်းမှာ အကောင်းစားထဲမှာ မပါဝင်ပါ။ ဈေးနှုန်းသင့်တင့်သော ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သည်။ သူ့အတန်းထဲမှာ လူ ၇ ယောက် ၈ ယောက်သာရှိသည်။

ဘောဂဗေဒဘာသာရပ်ဆိုင်ရာအတန်းကို တက်ရသောအခါ အတန်းထဲမှာ ကျောင်းသားကသူတစ်ယောက်တည်း။ ဘောဂဗေဒဘာသာရပ်ကို အင်္ဂလိပ်လူမျိုး ဆရာတစ်ယောက်က သင်သည်။ လေသံခပ်လေးလေး။
သူကအိပ်ငိုက်နေ၏။


ဆရာကသူ့မျက်နှာကြည့်ပြီး ဘောဂဗေဒကို သင်မြဲသင်နေ၏။


၁၉၉၃ တွင်အဖေရှိရာ ဂျာမဏီသို့ သူပြန်လာ၏။

Top Gun ထဲက Tom Cruise ပုံရိပ်က သူ့မျက်စိထဲ ပေါ်လာသည်။

၁၆ နှစ်သားခရု။
ကိုယ့်ဘဝကို စဉ်းစားတတ်ပြီ။
ကိုယ့်အကြောင်းကိုစဉ်းစားတတ်ပြီ။
ခြောက်လတိတိ သူသည်ဘာမှမလုပ်။
ဘတ်စကတ်ဘော ကစားသည်။
ကွန်ပျူတာဂိမ်းဆော့သည်။
သူ့ဘဝအကြောင်းကို တကယ်စဉ်းစားပေးသူက သူ့အဖေဖြစ်သည်။
''မင်းဘာလုပ်ချင်လဲ ပိုင်းလော့လုပ်ပါလား''
Top Gun ထဲက Tom Cruise ပုံရိပ်က သူ့မျက်စိထဲပေါ်လာသည်။


သူ့အဖေက သူ့ကိုကော်မာရှယ်ပိုင်းလော့သင်တန်းတက်စေရန် စိတ်ကူးရ၏။ ကတ်တလောက်များ ရှာလာပေး၏။


ခရုက ကွန်ပျူတာဂိမ်းကစားလွန်းသဖြင့် မျက်လုံးများနီနေသည်။ အပြင်ထွက်လျှင် မျက်လုံးကို လက်နှင့်ပွတ်ပွတ်နေတာကို သူ့အဖေကတွေ့၏။


''မင်း ပိုင်းလော့လုပ်လို့ မဖြစ်ပါဘူးကွာ၊ အဖေတွေ့ဖူးတဲ့ ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဟာ အသက်သုံးဆယ်ဝန်းကျင်ပဲရှိသေးတယ်။ အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်နေတယ်။ မင်းအစ်ကိုရှိရာကို သွားပြီး ကွန်ပျူတာသိပ္ပံတက်ရင်ကောင်းမယ်'' သူ့အဖေက ခရုကိုအကြံပေး၏။

၁၉၉၄၊ ဇန်နဝါရီ၊ ၇ ရက်။ သူ့မွေးနေ့ကို ဂျာမဏီက သူ့အဖေအိမ်မှာ လန်းဆန်းစွာဖြတ်သန်းသည်။ မွေးနေ့ကျော်တာနှင့် အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့သို့ ထွက်ခွာခဲ့၏။ ခရုနှင့်အတူ သူ့အစ်မပါဝင်သည်။ အစ်ကိုကရောက်နေနှင့်၏။


နယူးယောက်ခ်သို့ ရောက်စမှာ နှင်းကိုထူထူထဲထဲ မမြင်ရ။ ဂျာမနီကဲ့သို့ပင် နှင်းမကျဟု ခရုကထင်ထားသည်။ မကြာခင်မှာပင် နယူးယော့ခ်၏ ၁၉၉၄ နှင်းမုန်တိုင်းကိုရင်ဆိုင်ရတော့၏။
နယူးယော့ခ်နှင်းကို ခရုလေးစားသွားရပြီ။

ခရုဘဝမှာ ကျောင်းများတစ်ကျောင်းပြီးတစ်ကျောင်း ပြောင်းရွှေ့တက်ခဲ့ရဖူးသည်။ ယခုနယူးယော့ခ်ကကွန်ပျူတာ သိပ္ပံကျောင်းသည် ခြောက်နှစ်တာကာလအတွင်း ဆဌမမြောက် ကျောင်းဖြစ်သည်။

နံဘေးလူကိုလှမ်းကြည့်သည်။ သူ့ထက်မြန်မြန်ပြီးရမည်။

နယူးယော့ခ်မှာ အလုပ်လုပ်၍ ပညာသင်သည်။ ခရုသည် ပထမတော့ လက်ပတ်နာရီကို ဘူးထဲထည့်ရသည့် အလုပ်လုပ်၏။ နံဘေးလူကိုလှမ်းကြည့်သည်။ သူ့ထက်မြန်မြန်ပြီးရမည်။

သူဌေးကဂျူးသူဌေးဖြစ်သည်။ သူဌေးကစိတ်တိုင်းမကျလျှင် နောက်နေ့လာစရာမလိုတော့ဟု အပြောခံရ၏။ အလုပ်တွေကတော့ နာရီပိုင်းလုပ်၍ ရတာရှိသည်။ လက်ပတ်နာရီကို ဘူးထဲထည့်သည့်အလုပ်က တစ်နာရီလျှင် လေးဒေါ်လာရ၏။ ထိုနေရာတွင် နှစ်ပတ်မျှသာလုပ်၏။ လုပ်အားခနည်းသည်ဟု ခရုကယူဆ၏။

 ချွေးတွေ၊ သံတွေနှင့်ဖြစ်သော်လည်း ရေမချိုးနိုင်။ အမြန်ဆေးကြောပြီး ရေမွှေးဆွတ်သွားရ၏။ မဟုတ်လျှင် အတန်းထဲသူနံနေမည်။

ခရုသည် ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းတစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ရ၏။ သူဌေးကအီရန်မှလာသော ဂျူးလူမျိုးတစ်ဦးဖြစ်၏။ သူနှင့်သူဌေးဆက်ဆံရေးက အဆင်ပြေသည်။ ပိတ်စများကို ဖြတ်သည့်နေရာရောက်ရန်၊ ဒီဇိုင်းဆရာထံသို့ ရောက်ရန်၊ တရုတ်တန်းက အပ်ချုပ်စက်များထံသို့ရောက်ရန် ခရုကစီစဉ်ပေးရ၏။


တရုတ်တန်းက အပ်ချုပ်စက်များသို့ တွန်းလှည်းများနှင့် ပို့ဆောင်သူများမှာကပ္ပလီများဖြစ်သည်။
ပိတ်စကို ကတ်ကြေးအကြီးစားကြီးများနှင့် ဖြတ်သည့်ညှပ်သည့်ဌာနသို့ရောက်ရန် သူကထမ်းပိုး ပို့ဆောင်ရသည်လည်းရှိ၏။ ထိုအလုပ်ကသူ့ကို ခါးနာရောဂါ အဆစ်ပေးခဲ့၏။


ခရုသည် အထည်ချုပ်လုပ်ငန်းမှာ တစ်နေကုန်အလုပ်လုပ်၏။ ထိုသူဌေးနှင့် နားလည်မှုယူ၍ တစ်နာရီစောဆင်း၏။ ညနေ ၅ နာရီဆိုလျှင် အလုပ်ခွင်မှဆင်းပြေးရ၏။ ချွေးတွေ၊ သံတွေနှင့်ဖြစ်သော်လည်း ရေမချိုးနိုင်။ အမြန်ဆေးကြောပြီး ရေမွှေးဆွတ်သွားရ၏။ မဟုတ်လျှင် အတန်းထဲသူနံနေမည်။

ကွန်ပျူတာသိပ္ပံတက္ကသိုလ်သို့ အချိန်မီရောက်ရန် ရထားစီးရ၏။ ရထားက မိနစ်လေးဆယ်ကြာသည်။ သူတက်သည့်ကျောင်းသည် ညကျောင်းဖြစ်၏။


၁၉၉၄၊ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉ ။


ခရုသည် ခြောက်နှစ်လုံးလုံး နယူးယော့ခ်က ကွန်ပျူတာပညာကို ဆည်းပူးနေ၏။
စာသင်ကျောင်းဟူသည် တက္ကသိုလ်ဟူသည်မှာ သင်ရိုးညွန်းတန်းအတိုင်း၊ ပြဌာန်းချက်အတိုင်း သင်ကြားရသည်။ သင်ရိုးညွန်းတမ်းဟူသည် ချက်ချင်းပြောင်းလဲ၍ မရပါ။


တက္ကသိုလ်၏ ပြင်ပကမ္ဘာမှာ အင်တနက်ကထွန်းကားနေသည်။ ခရုသည် တက္ကသိုလ်ပြင်ပက အိုင်တီနည်းပညာခေတ်မီထွန်းကားလာမှုကို ပိုမိုစိတ်ဝင်စားလာသည်။ ကျောင်း၏ သင်ကြားမှုကို ပြင်ပမှာ ခေတ်မီကျယ်ပြန့်နေသော အိုင်တီလောက်စိတ်ဝင်စားမှုမရှိတော့ပါ။

၁၉၉၈ နိုဝင်ဘာတွင် အဖေသည် မြန်မာနိုင်ငံသို့ပြန်ရောက်ပြီ။


ခရုသည် ၁၉၉၉ ဇွန်လထဲမှာ နယူးယော့ခ်၏လမ်းတစ်နေရာတွင် ရွှေတိဂုံဘုရားမျက်နှာဖုံးပုံနှင့် နိုင်ငံခြားမဂ္ဂဇင်းတစ်စောင်ကိုတွေ့၏။ ဝယ်ဖတ်ကြည့်သည်။


မြန်မာနိုင်ငံ၏ အခြေအနေကို သိချင်နေ၏။ ရန်ကုန်မြို့သည် ဟိုချီမင်းမြို့တော်ထက်ပင် လျှင်မြန်စွာ တိုးတက်နိုင်ရန် အခွင့်အလမ်းရှိသည်ဟု ရေးသားထားတာမျိုးလည်း ဖတ်ရ၏။ မြန်မာနိုင်ငံမှာ သူဌေးကြီးများက မည်သူမည်ဝါဖြစ်သည်ဟု ရေးသားထားတာမျိုးလည်း ဖတ်ရ၏။


မဂ္ဂဇင်းစာမျက်နှာ တစ်နေရာကို ခရုဖတ်ရတော့ မျက်လုံးပြူးသွား၏။ မြန်မာနိုင်ငံအတွင်းသို့ ကနေဒါနိုင်ငံသားတစ်ဦးက လာရောက်၍ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းလုပ်တော့မည် ဆိုပါလား။
ခရု၏ဆံပင်များ ထောင်သွားသည်။


ခရုသည် နယူးယော့ခ်မှာ ကွန်ပျူတာသိပ္ပံသင်ကြားနေသည်။ အင်တာနက်ကို စိတ်ဝင်တစား လေ့လာနေသည်။ မြန်မာနိုင်ငံအတွင်းမှာ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း လုပ်သူမှာ မြန်မာနိုင်ငံသား သာလျှင် ဖြစ်ရမည်။

နိုင်ငံခြားသားက ဝင်ရောက်လုပ်ကိုင်မည်ဆိုသည်ကို သူ့နှလုံးသားကလက်မခံနိုင်။ ခရုသည်ဤစိတ်ဖြင့်ပင် ၁၉၉၉ နှစ်အကုန်မှာ မြန်မာနိုင်ငံသို့ပြန်လာခဲ့၏။

ဤသည်မှာ 7Day News ဂျာနယ်နှင့် အခြားဂျာနယ်၊ မဂ္ဂဇင်းများကို အောင်မြင်စွာထုတ်ဝေနေသူ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၏ ''ခရုဘဝ'' ဖြစ်ပါသည်။

ခရုသည် ဥရောပမှာ၊ အမေရိကမှာ နေထိုင်စဉ်အတွင်း မြန်မာဝတ္ထုမဖတ်ဖြစ်ခဲ့ပါ။ မဟာဗုဒ္ဓဝင် ခြောက်အုပ်တွဲစာအုပ်ကိုသာ အကြိမ်ပေါင်းများစွာ ထပ်တလဲလဲဖြစ်ရှုဖြစ်သည်။

သူမြန်မာနိုင်ငံသို့ပြန်ရောက်သောအခါ မည်သူနှင့်သူငယ်ချင်းဖွဲ့ရမည်နည်းဟု စဉ်းစား၏။ သူနိုင်ငံရပ်ခြားမှာရှိနေစဉ် မော်စကိုရောက် မြန်မာအမျိုးသမီးတစ်ဦးနှင့် အင်တာနက်ပေါ်မှာ သိကျွမ်းခဲ့၏။ မစုစုစိုးညွန့်ဟု သိရ၏။
အင်တာနက်ပေါ်မှာ သူ့နာမည်က ခရု။

သူမြန်မာနိုင်ငံသို့ပြန်ရောက်နေချိန်မှာသူ့အဖေက နိုင်ငံခြားရေးဝန်ကြီး 
ဖြစ်နေပြီ။ နိုင်ငံခြားရေးရုံးမှာ သူ့ကိုအကူအညီပေးနိုင်မည့် မိတ်ဆွေကိုရှာရသည်မှာ မခက်ခဲပါ။ ထိုမိတ်ဆွေ၏ စုံစမ်းမှုဖြင့် မော်စကိုက မကြာခင်ကမှ ပြန်လာသည့် မစုစုစိုးညွန့်၏ ရာဇဝင်ကိုသိရ၏။

ခရု ခေါ်ကိုသောင်းစုငြိမ်းနှင့် မစုစုစိုးညွန့်တို့သည် မြန်မာနိုင်ငံမှာ လူချင်းတွေ့ဆုံခင်မင်ကြရပြီ။
ဘဝအဆက်ဆက်ရေစက်ပါခဲ့ကြသည်ဟု ယုံကြည်လျက် ခရုနှင့် စုစုစိုးညွန့်တို့သည် ချစ်သူဖြစ်သွားကြသည်။ နှစ်ဖက်သော မိဘများ၏ လှိုက်လှဲသော သဘောတူညီမှုဖြင့် သူတို့နှစ်ဦးသည် လက်ထက်မင်္ဂလာပွဲကို သိုက်မြိုက်တင့်တယ်စွာ ကျင်းပနိုင်ခဲ့၏။

ယခုအခါ ဦးသောင်းစုငြိမ်းမှာ သားငယ်လေးနှစ်ယောက် ရှိနေပါသည်။သူ့သားငယ်နှစ်ယောက်၏ ဘဝကို လွတ်လပ်စွာဖွံ့ဖြိုးစေမည်ဟု သိရ၏။

''သားတို့သမီးတို့ အဖေရဲ့အဖေဟာ ထားဝယ်သားကြီးပါ။ သတ္တုတွင်းတွေပိုင်ဆိုင်ခဲ့တယ်။ ထားဝယ်တစ်မြို့လုံးမှာ ဂျစ်ကားနှစ်စီးပဲရှိနေချိန်မှာ အဖေကဂျစ်ကားတစ်စီးပိုင်တယ်။ အဖေမှာခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ မျိုးဆက်တွေဟာ တစ်ခုနဲ့တစ်ခုဆက်နေမယ်။ နောက်မျိုးဆက်ဟာရှေ့မျိုးဆက်ထက် သာကိုသာရမယ်တဲ့။ သားတို့သမီးတို့ရဲ့ဘဝတွေဟာ အဖေ့ဘဝထက် ပိုကောင်းမွန်တိုးတက်ရမယ်''

သူ့အဖေကသူတို့ကိုပြောသော စကားဖြစ်ပါသည်။

''အဖေဟာ ကျွန်တော့်ကိုစကားပြောလို့ရရင် အဲဒီလိုမျိုးအဖွတွေ လုပ်ခိုင်းမှာမဟုတ်ဘူးလို့ ကျွန်တော်တွေးမိတယ်''

''၂၀၀၉၊ နိုဝင်ဘာ ၄ ရက်မှာ အဖေဆုံးတယ်။ အဲဒီနေ့ နံနက် ၃ နာရီမှာ ဖုန်းဝင်လာတာပါ။ အဖေဟာဆုံးမယ့်နေ့ အင်းစိန်ထောင်ထဲမှာရှိတဲ့ ဘုရားလေးတစ်ဆူမှာ ရွှေသင်္ကန်းကပ်ပြီး ကုသိုလ်ယူခွင့်ရသွားခဲ့ပါတယ်။ အဲဒီညမှာ အဖေဆုံးသွားတာပါ။ အဖေဆုံးတယ်ဆိုတာ ကြားသိရတော့ သားတစ်ယောက်အနေနဲ့ ခံစားရတာပါပဲ''

ဦးသောင်းစုငြိမ်းက ပြောသည်။

ကျွန်တော်တို့သည် စာပေစိစစ်ရေး မရှိသည့်အခါ လွတ်လွတ်လပ်လပ်ရေးသေားဖော်ပြကြသည်။ အချို့ဂျာနယ်များက အဖွဆန်ဆန်ရေးသားဖော်ပြတာမျိုးရှိသည်။ 7Day ဂျာနယ်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားခြင်းမျိုးမရှိခဲ့ဟု သတိထားမိသည်။

''အဖေဟာ ကျွန်တော့်ကိုစကားပြောလို့ရရင် အဲဒီလိုမျိုးအဖွတွေ လုပ်ခိုင်းမှာမဟုတ်ဘူးလို့ ကျွန်တော်တွေးမိတယ်''

''ဂျာနယ်ဖတ်ပြီး ဒေါသထွက်ရတာမျိုး အဆုံးထိတွန်းတာမျိုး ကျွန်တော့်အနေနဲ့ မလုပ်ချင်ဘူး။ အဖွတွေနဲ့ တစ်ပွဲတိုးစောင်ရေတက်သွားတာမျိုးလည်း မလုပ်ချင်ဘူး''

''ဒွေးဆုံးတာ၊ နောက်နာဂစ်ဖြစ်တာ။ ကျွန်တော်တို့ 7Day က ဖော်ပြတာတွေကို စာဖတ်သူစိတ်ဝင်စားပြီး 7Day ရဲ့ပုံရိပ်ကိုတက်စေပါတယ်။

''တို့ဘုရားကိုတို့ဖူးပြီ'' ကိုအယ်ဒီတာအဖွဲ့ Cover တင်ခဲ့တယ်။

ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော့်အမေက အဲဒီဆောင်းပါးကိုဖတ်ပြီး ဘာကိုပြောတာဆိုတာ ပြန်ပြောသံတွေ ကျွန်တော်ကြားရတယ်။ အယ်ဒီတာအဖွဲ့ဆီကလည်း စာဖတ်သူက အဲဒီဆောင်းပါးအတွက် အချိန်ပြည့်ဖုန်းဆက်နေကြတာလို့ ကျွန်တော်သိရတယ်။

နောက်ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်တာ ဖော်ပြတဲ့အတွက် တစ်ပတ်ပိတ်ခံရတယ်။ ဆောင်းပါးတွေမှာ ဒီလိုမျိုးတော့ရှိတယ်။ ဒါမျိုးဖြစ်သင့်တယ်။ အဲဒီလိုအနေအထားမျိုး ကျွန်တော်တို့ဆီက ဖော်ပြပါတယ်''

သူကပြောသည်။
''အမှန်က ကျွန်တော်ပြန်လာစကတည်းက အင်တာနက်လုပ်ငန်းလုပ်ဖို့စီစဉ်တာ။ Summit Parkview အပေါ်ထပ်မှာ အခန်းလေးငှားပြီး ဝန်ထမ်းအချို့နဲ့ ဖွဲ့ပြီးပြီ။ အင်တာနက်လုပ်ငန်းက Sensitive ဖြစ်နေတယ်။ ကိုဝေလျှံဆီကရယ်၊ ကိုနေဝင်းမောင်ကိုယ်တိုင်ရယ် ကျွန်တော့်လုပ်ငန်းအတွက် အင်တာဗျူးတွေ လာလုပ်ကြတယ်။

တကယ့်တကယ်တော့ အဲဒီအင်တာဗျူးကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပေးဘူး။ အင်တာနက်လုပ်ငန်းလုပ်မရတော့ အင်တာနက်ဂျာနယ်ထုတ်မယ်။ ခွင့်မပြုဘူး။ မြန်မာအီလက်ထရောနစ် ဂျာနယ်ဆိုပြီး ထုတ်ရတယ်။ နောက်တော်တော်ကြာမှ အင်တာနက်ဂျာနယ်ဆိုပြီး ထုတ်ခွင့်ရတာ။ တစ်ဘက်ကလည်း ကွန်ပျူတာဆော့ဖ်ဝဲရေးတာမျိုးတွေ ကျွန်တော်လုပ်နေတယ်။ အဲဒီကာလ Online လုပ်လို့မရတော့ Off Line လုပ်မယ်ပေါ့''

သူကပြောပြသည်။
''ပေါ့ပ်ဂျာနယ်များ ခေတ်စားနေချိန်မှာ သူကသတင်းဂျာနယ်ကို စိတ်ဝင်စား၏။ မြန်မာတိုင်းမ်ဂျာနယ်၏ သတင်းဖော်ပြပုံမျိုးကိုကြိုက်သည်။ ၂၀၀၂ မှာ 7Day News ဂျာနယ်စတင်ထုတ်ဝေ၏။

Day News ဂျာနယ်ကို လူငယ်အယ်ဒီတာများကဦးစီးထုတ်ရန် အကြောင်းဖြစ်ပေါ်လာ၏။

၂၀၀၄ အောက်တိုဘာ ၁၈ တွင် 7Day News ဂျာနယ်ကို လူငယ်အယ်ဒီတာများကဦးစီးထုတ်ရန် အကြောင်းဖြစ်ပေါ်လာ၏။ အယ်ဒီတာအပြောင်းအလဲဖြစ်သည်။

''ကျွန်တော့်ကိုယ်စား တာဝန်ပေးထားတဲ့အဖွဲ့ကို ထုတ်လုပ်မှုရော၊ စီမံခန့်ခွဲမှုရော တာဝန်လွှဲအပ်ထားပါတယ်။ ကျွန်တော်ကကိုယ်တိုင်ဝင်လုပ်နေရင် ကျွန်တော့်အဖြေထွက်လာဖို့ သူတို့စောင့်နေရတာက ကြန့်ကြာစေပါတယ်။ ကျွန်တော်က ခေါင်းဆောင်မှုပဲပေးပါတယ်''

7Day News ဂျာနယ်၏ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းကပြောသည်။
အရည်အသွေးရှိသော လူငယ်များအား လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ခြင်းဖြင့် ထိုလုပ်ငန်းသည် အောင်မြင်မှု ရရှိခဲ့သည်။ ထိုသို့ကျွန်တော်နားလည်မိသည်။

တည်ကြည်သော၊ သိပ်သည်းသော၊ ထိန်းချုပ်နိုင်သော 7Day News ၏ခေါင်းဆောင်သည် အစည်းအဝေးခန်းမထဲသို့ ဝင်ရတော့မည်။ ကျွန်တော်သည် သူ့ကိုလေးစားစွာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။

- မောင်ကိုကို (အမရပူရ)

All Posts
×

Almost done…

We just sent you an email. Please click the link in the email to confirm your subscription!

OK